We are the same! We are the ones! Together with Building the World! No.25- Kagi, Block 693, Lwin Complex, Third Floor, Bet 39×40 Street and Bet 71×72 Street, Maharaungmyae Township, Mandalay, Myanmar

“ဂျပန်တွင် အိုလံပစ် အားကစားပွဲမတိုင်ခင် တန်းတူညီမျှရေး အက်ဥပဒေထုတ်ပြန်ရမည်” ဟု လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များတောင်းဆို

၂၀၁၅ ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်သည့် တိုကျိုမြို့ သက်တန့်ရောင် လှည့်လည်လမ်းလျောက်ပွဲတွင် ပါဝင် ချီတက်နေကြသူများ  ဓါတ်ပုံအကိုး © 2015 Reuters/Thomas Peter

(တိုကျို) လာမည့်နှစ်အတွင်း မြို့တော် တိုကျိုတွင် ကျင်းပပြုလုပ်မည့် အိုလံပစ်အားကစားပြိုင်ပွဲများနှင့် မသန်စွမ်းသူများဆိုင်ရာ အိုလံပစ်အားကစားပြိုင်ပွဲများ မကျင်းပမီအတွင်း ဂျပန်အစိုးရမှ တန်းတူညီမျှရေး အက်ဥပဒေကို ပြဌာန်းပေးသင့်သည်ဟု  လူ့အခွင့်အရေးစောင့်လေ့လာရေးအဖွဲ့ (Human Rights Watch)၊ လိင်စိတ်ခံယူမှုကွဲပြားသူတို့အားထောက်ခံသည့်အားကစားသမားများအဖွဲ့ (Athlete Ally) နှင့် လိင်စိတ်ခံယူမှုကွဲပြားသူတို့အားဥပဒေကြောင်းအရ အကူအညီပေးရေးအဖွဲ့ (ဂျပန်) (J-ALL)တို့မှ ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့များသည် LGBT တို့အား လိင်စိတ်ခံယူမှုနှင့် လိင်ဝိသေသကွဲပြားမှုတို့ကို အခြေခံသည့် ခွဲခြားဆက်ဆံခံရခြင်းများမှ အကာအကွယ်ပေးမည့် တင်သွင်းထားသည့်ဥပဒေမူကြမ်းအားထောက်ခံသည့်အနေဖြင့်  #EqualityActJapan (ဂျပန်နိုင်ငံတန်းတူညီမျှရေးအက်ဥပဒေ) ဟုအမည်ရသည့် ကန်ပိန်းလှုပ်ရှားမှု တစ်ခုကို ဇူလိုင်လ ၂၃ ရက် ၂၀၂၀ပြည့်နှစ်က စတင်ခဲ့ကြသည်။.အဆိုပါကန်ပိန်းလှုပ်ရှားမှုတွင် ဂျပန်နှင့် နိုင်ငံတကာ အားကစားသမားများပူးပေါင်းကာ တန်းတူညီမျှရေး အက်ဥပဒေ လိုအပ်မှုနှင့် အားကစားလောကတွင် ခွဲခြားဆက်ဆံမှုများအဆုံးသတ်ရေးတို့ကို အဓိက မီးမောင်းထိုးပြသမည်ဖြစ်သည်။

“ဂျပန်မှာရှိတဲ့ LGBT တွေက ဥပဒေအရ တန်းတူကာကွယ်စောင့်ရှောက်မှုခံရသင့်ပါတယ်။ အိုလံပစ်အားကစားပွဲတော်ကို ၂၀၂၁ ခုနှစ်ထဲကို ရွှေ့ဆိုင်းလိုက်တာကလည်း ဂျပန်အစိုးရအတွက် နိုင်ငံအတွင်းက လူတိုင်းအတွက်အကျိုးရှိဖို့ရာအတွက် သမိုင်းဝင် ကာကွယ်ရေးဥပဒေကို ပြဌာန်းပေးဖို့အတွက် အချိန်ရသွားတာပေါ့” ဟု ဂျပန်နိုင်ငံအတွင်းရှိ LGBT အဖွဲ့ ၁၀၀ ကျော်အားကိုယ်စားပြုသည့် လိင်စိတ်ခံယူမှုကွဲပြားသူတို့အားဥပဒေကြောင်းအရ အကူအညီပေးရေးအဖွဲ့ (ဂျပန်) J-All ၏ ပူးတွဲ ဒါရိုက်တာ ယူရီအီဂါရာရှီ မှပြောကြားခဲ့သည်။
အဆိုပါ ဂျပန်နိုင်ငံအတွင်း တန်းတူညီမျှရေး အက်ဥပဒေတရားဝင်ပြဌာန်းပေးရေးနှင့်LGBT တို့အား လိင်စိတ်ခံယူမှုနှင့် လိင်ဝိသေသကွဲပြားမှုတို့ကို အခြေခံသည့် ခွဲခြားဆက်ဆံခံရခြင်းများမှ အကာအကွယ်ပေးရေးတို့ကို ၂၀၂၀ပြည့်နှစ် နှင့် ၂၀၂၁ခုနှစ်များအတွင်း အွန်လိုင်းနှင့် ပြင်လူမှုဘဝများ၌ တောင်းဆိုပြမည့် ကန်ပိန်းလှုပ်ရှားမှုတွင်  အားကစားသမားများသာမက မည်သူမဆိုပါဝင်နိုင်ကြောင်းလဲသိရသည်။

၂၀၂၀ပြည့်နှစ်အိုလံပစ်အားကစားပွဲကို တိုကျိုမြို့၌ ယခုနှစ်နွေရာသီတွင်ကျင်းပရန် မူလကရွေးချယ်ခဲ့သော်လည်း  Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အပြည်ပြည်တိုင်ရာအိုလံပစ်ကော်မတီ (IOC) နှင့် ဂျပန်အစိုးရတို့မှ တစ်နှစ်ဆိုင်းငံ့ထားကာ ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ပြန်လည်စတင်ရန် စီစဉ်ခဲ့ကြသည်။

အိုလံပစ်ဖွဲ့စည်းပုံစာတမ်းအရ လိင်စိတ်ကွဲပြားမှုများအပါအဝင် မြေပြင်အနေအထားတွင်မည်သည့် ခွဲခြားမှုမျိုးကိုမဆို တားမြစ်ဆန့်ကျင်သည်ဖြစ်ရာ
အိုလံပစ်ကော်မတီ ဥက္ကဌ သောမတ်စ်ဘတ်ချ်မှ ၂၀၂၀ အိုလံပစ်အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့်  အိုလံပစ်ဖွဲ့စည်းပုံစာတမ်း ပြင်ဆင်ရာတွင် LGBT အခွင့်အရေး စည်းရုံးညှိနှိုင်းလှုံ့ဆော်သူ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ၎င်းက“အိုလံပစ်ကော်မတီ သည် အားကစားနယ်ပယ်အတွင်း ပုံစံမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုမျိုးကို တင်းကြပ်စွာ ဆန့်ကျင်သည်” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) သို့၂၀၁၅ ခုနှစ်က ရေးသားပေးပို့ခဲ့ပါသည်။
၂၀၁၈ခုနှစ် အောက်တိုဘာလတွင် တိုကျိုမြို့ပြအစိုးရအဖွဲ့မှ အိုလံပစ်ဖွဲ့စည်းပုံစာတမ်းနှင့်အညီ LGBT တို့အား လိင်စိတ်ခံယူမှုနှင့် လိင်ဝိသေသကွဲပြားမှုတို့ကို အခြေခံသည့် ခွဲခြားဆက်ဆံခံရခြင်းများမှ အကာအကွယ်ပေးရေး ဒေသန္တရ ဥပဒေကိုချမှတ်ခဲ့ပါသည်။

ထိုသို့ချမှတ်ရာတွင် အဆိုပါမြို့ပြအစိုးရအဖွဲ့မှ အားလုံးအကျုံးဝင်သော တန်းတူညီမျှရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ရုံသာမကပဲ တိုကျိုနွေရာသီ အိုလံပစ် နှင့် မသန်စွမ်းသူများဆိုင်ရာ အိုလံပစ် အားကစားပြိုင်ပွဲများသည် ဂျပန်အပါအဝင် အခြားနိုင်ငံများအကြား လူ့အခွင့်အရေး အသိတရားများကိုအသိပညာဖြန့်ဝေသည့်ပွဲများဖြစ်စေရန်အတွက် ထည့်သွင်းစီစဉ်ခဲ့သည်။
တိုကျိုမြို့၏ လုပ်ဆောင်ချက်သည် အရေးပါအရာရောက်သော်လည်း မာရသွန်အပြေးပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ခုခံရေးအားကစားပြိုင်ပွဲ လမ်းလျောက်ပြိုင်ပွဲနှင့် ရေလွှာလျောစီး ပြိုင်ပွဲ အပါအဝင် အိုလံပစ်ပြိုင်ပွဲ အမြောက်အများသည် တိုကျိုမြို့အပြင်ဘက် ဖြစ်သည့် ဟိုကိုင်းဒိုးပြည်နယ်၊ စိုင်တာမ ပြည်နယ်၊ ချီဘာပြည်နယ်၊ ရှီဇူးကပြည်နယ်၊ ကန်နဂဝပြည်နယ်၊ မီရာဂျီ ပြည်နယ်နှင့် ဖူကူရှီးမားပြည်နယ် တို့တွင်ကျင်းပမည်ဟု ကြေညာထားရာ LGBT ပွဲကြည့်ပရိတ်သတ်များ၊ အားကစားသမားများနှင့် လာရောက်လည်ပတ်သူများသည် တိုကျိုမြို့ ပြဆိုင်ရာ ခွဲခြားဆက်ဆံမှုပပျောက်ရေး ဒေသန္တရ ဥပဒေ အရ အကာအကွယ်ပေးခံရမည်မဟုတ်ချေ။

ဂျပန်သည် အစိုးရမှ ၎င်း၏နိုင်ငံသားများကို  ခွဲခြားဆက်ဆံခြင်းမှ အကာကွယ်ပေးရန် ကတိကဝတ်ပြုထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာတမ်းများဖြစ်ကြသော အရပ်ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့်သက်ဆိုင်သော နိုင်ငံတကာသဘောတူစာချုပ် (ICCPR) နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ICESCR) တို့ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံလည်းဖြစ်သည်။
တိုကျို အိုလံပစ်ပွဲတော်အား “မတူကွဲပြားခြားနားမှုများအကြား စည်းလုံးညီညွှတ်စွာနေထိုင်ရေး” နှင့် “၎င်း အမွေအနှစ်များအား အနာဂါတ် မျိုးဆက်သစ်များဆီသို့လွှဲပြောင်းရေး”တို့အား လှုံ့ဆော်ပေးမည့်ပွဲတော်အဖြစ် ကြော်ငြာထားပါသည်။  မတ်လ ၂၀၁၅ ခုနှစ်တွင် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ “မည်သို့သော လူ့အဖွဲ့အစည်းတွင်မဆို လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် အမုန်းတရားဖွဲ့နှောင်ခြင်းတို့မရှိစေရ”ဟု ဂျပန်နိုင်ငံအမျိုးသားလွှတ်တော် (National Diet) အတွင်းတွင် ဂျပန်၏ ခွဲခြားဆက်ဆံမှုဆန့်ကျင်ကြောင်းနှင့် လူ့အခွင့်အရေးကိုလေးစားကြောင်းတို့အား လူထုအကြား ကြေညာခဲ့သည်။

လိင်စိတ်ခံယူမှုကွဲပြားသူတို့အားထောက်ခံသည့်အားကစားသမားများအဖွဲ့ (Athlete Ally)တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဟတ်ဒ်ဆင်တေလာ မှ အိုလံပစ်အားကစားပွဲသည် အားကစားသမားများနှင့် အားကစားဝါသနာရှင်များအတွင် ၎င်းတို့ယုံကြည်ရာကို လွတ်လွတ်လပ်လပ်ပြောဆိုနိုင်သည့် အရေးပါသော အခိုက်အတန့်တစ်ခုဖြစ်ကြောင်း၊ ယခုအချိန်အခါ သမယသည် ကမ္ဘာ့ အားကစား အသိုက်အဝန်းသည် ဂျပန်နိုင်ငံရှိ LGBT အသိုက်အဝန်းနှင့်အတူ  ညီမျှခြင်းဉပဒေ ပေါ်ပေါက်စေရေး တစ်စုတစ်စည်းတည်းရပ်တည်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်းပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း လိင်စိတ်ခံယူမှုနှင့် လိင်ဝိသေသတို့အပေါ် အခြေခံသည့် အကြမ်းဖက်မှုနှင့်ခွဲခြားဆက်ဆံမှုတို့ အဆုံးသတ်ရေးအတွက် မဲပေးခဲ့ရာ ကမ္ဘာ့ကုလအဖွဲ့အစည်းအတွင်း ထိပ်တန်းနေရာသို့ တဖြေးဖြေး ရောက်လာခဲ့ပါသည်။ သို့သော်ဂျပန်ရှိ LGBT များသည် လူ့အသိုက်အဝန်းအတွင်း ပြင်းထန်သော ဖိအားများနှင့် တကွ အခြားသူ များနှင့်ယှဉ်လျှင် ဥပဒေကြောင်းအရ အကာအကွယ်ပေးခံရမှုနည်းပါးခြင်းများကို ဆက်လက်ကြုံတွေ့ရဆဲဖြစ်ပါသည်။ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဂျပန် ဒါရိုက်တာ ခနဲ့ ဒိုအီ မှလည်း အမိမြေ၌ ခွဲဆက်ဆံခြားမှုများမှ ကာကွယ်ခြင်းအားဖြင့် ဂျပန်နိုင်ငံသည် ကမ္ဘာ့ LGBT အခွင့်အရေး ဦးဆောင်ကာကွယ်စောင်ရှောက်သည့်နိုင်ငံတစ်ခု ဧကန် ဖြစ်လာမည်ဖြစ်ကြောင်း၊ တိုကျိုမြို့ပြအစိုးရမှနေ၍  LGBT များအပေါ်ခွဲခြားဆက်ဆံမှုပပျောက်ရေး သမိုင်းဝင်အိုလံပစ်ဥပဒေ ပြဌာန်းပေးခြင်းက LGBT များနှင့်တစ်သားထဲရှိနေကြောင်းကို ပြသခဲ့ခြင်းဖြစ်ကြောင်းနှင့် ဗဟိုအစိုးရအနေနှင့်လည်း အလျင်အမြန် ဥပဒေပြဌာန်းရန်လိုအပ်ကြောင်းကို ပြောကြားခဲ့သည်။

သတင်း-အောင်စွမ်းသူ

အကိုး_ https://www.hrw.org/news/2020/07/21/japan-pass-equality-act-olympics?fbclid=IwAR1Kx_GWguvKccUnAbLQMOTYbxeAtkMZK3jIGHI-hFgRJnlTw0ue7XKnezU