မလေးရှားအမျိုးသားတစ်ဦးက အစ္စလာမ်မစ်ဥပဒေများကိုအသုံးချကာ လိင်တူဆက်ဆံခြင်းအား တားမြစ်နေမှုများကိုဆန့်ကျင်လျက် ပထမဆုံးအကြိမ် တရားရင်ဆိုင်ခြင်းက နိုင်ငံ့အဝှမ်းကြီးထွားလျက်ရှိသော လိင်စိတ်ခံယူမှူကွဲပြားသူများအားနှိပ်ကွပ်ခြင်းကို ရင်ဆိုင်တိုက်ခိုက်လိမ့်မည်ဟု တရားဥပဒေကြောင်းအရအကူအညီပေးသူတစ်ဦးမှ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။အဆိုပါ အမျိုးသားသည် ယမနနှစ်က အခြားသောအမျိုးသားများနည်းတူ “ဓမ္မတာကိုဆန့်ကျင်သော ကာမစပ်ယှက်မှု” ဖြင့်တရားဆွဲဆိုခံရပြီးနောက် အခြားသောအမျိုးသားများကဲ့သို့ ပြစ်မှုအတွက်ကြိမ်ဒါဏ်စီရင်မှုကိုခံယူခြင်းမရှိပဲ တရားဥပဒေကြောင်းအရရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။မူဆလင်များစုနေထိုင်ရာ မလေးရှားနိုင်ငံ၏ ပြည်နယ်အမြောက်အများတွင် အစ္စလာမ်မစ် ဥပဒေများအားအသုံးချ၍ လိင်တူချင်းကာမစပ်ယှက်မှု အား တားမြစ်မှုသည် ယင်းဒေသတွင်နေထိုင်လျက်ရှိသော အမျိုးသားချင်း လိင်တူချစ်သူများအကြား ဆိုးရွားသောအခြေအနေများဖြစ်ပေါ်လာစေသည်ဟု ဝေဖန်သူများများမှ ပြောကြားခဲ့သည်။ သို့သော် မလေးရှား၏အမြင့်ဆုံးဖယ်ဒရယ် တရားရုံး၌ တရားရင်ဆိုင်ခြင်းက လက်ရှိရေပန်းစားလျက်ရှိသော ဒေသတွင်းရှိ ရှိရီယာအာဏာပိုင်များမှနေ၍ လိင်တူချစ်သူများအားရည်ရွယ်ကာ ကြမ်းတမ်းရက်စက်သော ဥပဒေများအားပြဌာန်းနေမှုများအား ရပ်တန့်နိုင်ရန်အတွက်အောင်မြင်မှုများကို ဆောင်ကြဉ်းလာနိုင်မည်ဟု ယူဆရကြောင်း လိင်ိစတ်ခံယူမှုကွဲပြားသူများအရေး ကန်ပိန်းလှုပ်ရှားမှုပြုလုပ်သူများက ဆိုကြသည်။
ယင်းအမှုတွဲမှတဆင့် ပြည်နယ်များမှ ဥပဒေများထုတ်ကာ လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် မတရားနှိပ်ကွပ်နေခြင်းအား ထိရောက်စွာ ရပ်တန့်ပေးနိုင်လိမ့်မည်ဟု ကမ်ပိန်းပြုလုပ်သည့် လိင်စိတ်ခံယူမှူကွဲပြားသူများကွန်ယက်မှတာဝန်ရှိသူ သီလဂါ စူဠာသီရေး မှပြောကြားခဲ့သည်။.
ယင်းအောင်မြင်မှု၏ အကျိုးရလာဒ်သည် အဆိုပါအမျိုးသားတရားစွဲဆိုခံရသည့် ဆီလီဂေါပြည်နယ်အတွင်းတွင် လက်ရှိဖြစ်ပွားလျက်ရှိသော အစ္စလာမ်မစ်ဥပဒေများအား အသုံးချကာ ဖိနှိပ်မှုများကို ရပ်တန့်နိုင်ရန်အတွက်သာ အကျိုးသက်ရောက်နိုင်ဖွယ်ရာရှိသော်လည်း ကန်ပိန်းပြုလုပ်သူများကမူ နိုင်ငံအဝှမ်းအခြားပြည်နယ်များအကြား ဖိပ်နှိပ်မှုများကိုပါရပ်တန့်ရန်အတွက် ရည်ရွယ်လျက်ရှိသည်။
အဆိုပါအမည်မဖော်ပြထားသော အမျိုးသားမှ မလေးရှား၏ အမြင့်ဆုံး ဖယ်ဒရယ်တရားရုံး၌ ယင်းကိုတရားစွဲဆိုထားသော အစ္စလမ်မစ် တရားရုံးအား လက်တွေ့အခြေခံဥပဒေချိုးဖောက်မှုနှင့်ပတ်သတ်၍ အမှုရင်ဆိုင်ခြင်းသည် နိုင်ငံအတွင်း ပထမဆုံး အကြိမ်ဖြစ်ခဲ့သည်ဟု ၎င်း၏ရှေ့နေ ဆူရန်ဒြာ အန်နာ့သ် ကပြောကြားခဲ့သည်။ မလေးရှားနိုင်ငံတွင် တရားဥပဒေစနစ်နှစ်မျိုးရှိရာ မူဆလင်နိုင်ငံသားများ၏ အရေးကိစ္စရပ်အချို့အတွက်မူ အစ္စလာမ်မစ်တရားရုံးများမှ သက်ဆိုင်ရာပြည်နယ်တစ်ခုချင်းစီအလိုက်ချမှတ်ထားသည့် ရှရီယာဥပဒေများကိုကိုင်စွဲကာ တရားစီရင်လျက်ရှိသည်။
ကွာလာလမ်ပူမြို့ပြင်ပရှိ ဆီလီဂေါပြည်နယ်မှ လိင်တူချင်းကာမစပ်ယှက်မှုကိုဆန့်ကျင့်ရန် “ဓမ္မတာကိုဆန့်ကျင်သောကာမဆက်ဆံမှု”အား ၎င်းပြည်နယ်၏ ကိုယ်ပိုင်ဥပဒေအဖြစ် ပြဌာန်းခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအမျိုးသားက ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အဆင့် ဥပဒေတည်ရှိပြီးသောအခါ ပြည်နယ်မှထပ်၍ ဥပဒေပြဌာန်းခွင့်မရှိတော့ကြောင်း ဒေသခံအာဏာပိုင်များမှ လိင်တူချင်းကာမစပ်ယှက်မှု အား ပြစ်မှုကျူးလွန်မှုအဖြစ်ဆုံးဖြတ်ရန် အာဏာမရှိကြောင်း ငြင်းဆိုသွားမည်ဖြစ်သည်။ ဗြိတိသျှကိုလိုနီဥပဒေမှဆင်းသက်လာသော ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၇သည် များစွာအသက်မဝင်သော်လည်း စအိုအားအသုံးပြု၍လိင်ဆက်ဆံခြင်းသည် ထိုဥပဒေအရ မလေးရှားတွင် ရာဇဝတ်မှုအဖြစ်အကျုံးဝင်လျက်ရှိသည်။
ယင်းအမျိုးသားသည် ၂၀၁၈ခုနှစ်အတွင်း တိုက်ခန်းတစ်ခုအတွင်း၌လိင်ဆက်ဆံရာမှ ဖမ်းမိခဲ့သော လူ၁၁ယောက်အနက်မှ တစ်ယောက်အပါအဝင်ဖြစ်သည်။ ထိုအနက်မှ လူ ၄ယောက်သည် မိမိတို့အပြစ်ရှိကြောင်း အစ္စလာမ်မစ်တရားရုံးရှေ့မှောက်၌ဝန်ခံခဲ့ပြီး ကြိမ်ဒါဏ် ၆ချက်နှင့်တကွ ဒါဏ်ငွေနှင့်အတူ ထောင်ဒါဏ် ၇လ ကျခံရန် အမိန့်ချမှတ်ခံခဲ့ရသည်။၂၀၁၈ ခုနှစ်အတွင်း တာတန်ဂန်နူပြည်နယ်တွင်ဖြစ်ပွားခဲ့သော အခြားအရေးကြီးအမှုတွဲတစ်ခုတွင်မူ အမျိုးသမီးနှစ်ယောက်အား လိင်တူချစ်သူများအဖြစ်သိရှိပြီးသောအခါ ရှရီယာ တရားရုံးတွင် ကြိမ်ဒါဏ်အပြစ်ချမှတ်ခံခဲ့ရသည်။မလေးရှားနိုင်ငံတွင်နေထိုင်လျက်ရှိသည့် လူမျိုးပေါင်းစုံပါဝင်သည့် လူဦးရေ၏ ၆၀ % မှာ မူဆလင်များဖြစ်ကြသည်။
သတင်း _အောင်စွမ်းသူ
မူရင်း_ Malaysia’s Islamic laws banning gay sex to be challenged in court for first time
Link: https://www.scmp.com/news/asia/southeast-asia/article/3086378/malaysias-islamic-laws-banning-gay-sex-challenged-court?fbclid=IwAR2ZZtaW-XFG378uCRlBBbb0M_g1-RiIminxkWy5c_NKX1dI_2o0LyUVlz8